မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်နှင့် ဝမ်ယိတို့ တွေ့ဆုံ

ဧပြီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ၏ သမ္မတသစ် ဦးမင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးမင်းအောင်လှိုင်က မြန်မာအစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်ခေါင်းဆောင်များအကြား ကူးလူးဆက်ဆံမှုများကို တိုးမြှင့်ရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးကို တွန်းအားပေးရန်၊ စွမ်းအင်၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွဲကာကွယ်ရန်၊ မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို အစဉ်တစိုက် နက်ရှိုင်းစေရန်၊ နိုင်ငံအချင်းချင်း ဆက်ဆံရေး၏ စံနမူနာကောင်းကို အတူတကွ ဖန်တီးရန်နှင့် မြန်မာ-တရုတ် ကံကြမ္မာတူ အသိုက်အဝန်းကို အတူတကွ တည်ဆောက်သွားရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားလိမ်လည်မှုများကို ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တရုတ် ဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို လက်တွေ့ကျကျ အကာအကွယ် ပေးရန် အစီအမံများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ယိကလည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒမှာ အစဉ်တစိုက်ဖြစ်ပြီး ၎င်းကို "ခိုင်မာစွာ ထောက်ခံအားပေးခြင်း သုံးရပ်" အဖြစ် အကျဉ်းချုပ်နိုင်ကြောင်း ၊ ယင်းတို့မှာ မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြီး ပြည်သူများက ထောက်ခံအားပေးသည့် အောင်မြင်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို ဖော်ဆောင်နိုင်ရန် ခိုင်မာစွာ ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ခိုင်မာစွာ ထောက်ခံအားပေးခြင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုသဟဇာတဖြစ်မှုကို ဖော်ဆောင်နိုင်ရန် ခိုင်မာစွာ ထောက်ခံ အားပေးခြင်းတို့ ဖြစ်ကြောင်း၊ ယခုနှစ်သည် မြန်မာအစိုးရသစ်၏ ပထမဆုံး အုပ်ချုပ်သည့်နှစ်ဖြစ်ရာ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းကို အခွင့်ကောင်းယူ၍ အစဉ်အလာအတိုင်း ချစ်ကြည်ရေးကို ဆက်လက် မြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေး၏ ရှေ့လာမည့် အလားအလာကောင်းများကို ဖွင့်လှစ်ကာ တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးတွင် အောင်မြင်မှုသစ်များ ရရှိအောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ယာယီနေအိမ် (Prefabricated Modular House) များ လွှဲပြောင်းပေးအပ်သည့် လက်မှတ်နှင့် တရုတ်-မြန်မာ အာကာသကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းတို့ကိုလည်း နှစ်နိုင်ငံဝန်ကြီးတို့၏ ရှေ့မှောက်၌ ဆောင်ရွက်ခဲ့ကြသည်။