ဟော့အယ်ကော်စစ်က မော်တော်ယာဉ် “ကူးတို့သမား”
မနက် ၈ နာရီအချိန် လမင်းကြီးသည် ကောင်းကင်ယံတွင် သာနေဆဲဖြစ်ပါသည်။ အသက် ၅၄ နှစ်အရွယ် လီဟွေ့ချွင်သည် ပြည်တွင်းဖြစ် မြေကော်ကားကို မောင်းကာ မိမိ၏ ပြောင်းခင်းမှ ထွက်ခွာ၍ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယိလိ ဟော့အယ်ကော်စစ်နယ်စပ်ဂိတ်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် အလွန်စည်ကားပြီး အသေးဆုံး ထုတ်ကုန်ငယ်များနှင့် သစ်သီး၊ ဟင်းသီးဟင်းရွက်များမှသည် အကြီးဆုံး လေအားလျှပ်စစ်ထုတ်စက်ပစ္စည်းနှင့် လုပ်ငန်းခွင်သုံးစက်ယန္တရားများအထိ ကုန်ပစ္စည်းများကို အလယ်အာရှနှင့် ဥရောပတို့ထံသို့ တဖွဲဖွဲ ပို့ဆောင်ပေးလျက်ရှိသည်။ လွန်ခဲ့သော ၃ နှစ်က လီဟွေ့ချွင်သည် နိုင်ငံပြင်ပသို့ တစ်ခါမှ မထွက်ဖူးသည့် တောင်သူတစ်ဦးသာ ဖြစ်ခဲ့သည်။ ကီလိုမီတာ ဆယ်ချီအကွာမှာ ရှိသည့် ကာဇက်စတန်နိုင်ငံကို ဘာမှန်းပင် သိခဲ့သူ မဟုတ်ပေ။ ၂၀၂၃ ခုနှစ်မှာတော့ သူမသည် မော်တော်ယာဉ် “ကူးတို့သမား”တစ်ဦး ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များကို ကာဇက်စတန်ဘက် နယ်စပ်ဂိတ်သို့ မောင်းပို့ပေးကာ ခေတ်သစ် “ပြည်ပကုန်သွယ်မှုသံတမန်” ဖြစ်လာခဲ့လေသည်။
လုပ်ငန်းနယ်ပယ်အသီးသီးမှ “နိုင်ငံ့တံခါး ကူးတို့သမား”ဖြစ်လာကြသူများ
ဟော့အယ်ကော်စစ်က “ကူးတို့သမား”မှာ ပုံသေသတ်မှတ်ထားသော ပုံစံ မရှိခဲ့ပေ။ သူတို့အထဲတွင် လီဟွေ့ချွင်ကဲ့သို့သော တောင်သူများပါ၏။ စားဖိုမှူးများ၊ ဖိနပ်ဆိုင်ပိုင်ရှင်များလည်းပါသကဲ့သို့ ပြည်ပကုန်သွယ်မှုပညာ သင်ယူနေသော ကျောင်းသားများလည်းပါ၏။ ကလေးတစ်ဖက်နှင့် ကလေးအမေများလည်း ပါဝင်ရာ ထိုအထဲတွင် အသက် ၂၇ နှစ်အရွယ် မာရွေသည်လည်း တစ်ဦးအပါအဝင် ဖြစ်လေသည်။ မာရွေသည် မူလက ချင်းရွှေဟယ်မြို့၌ ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ရာ အွန်လိုင်းရှော့ပ်များ ခေတ်စားလာချိန်၌ သူမ၏ စီးပွားရေး ကျဆင်းလာခဲ့လေသည်။ လွန်ခဲ့သောတစ်နှစ်က မော်တော်ယာဉ် မောင်းပို့သည့် အခွင့်အလမ်းကို ကြားသိရသဖြင့် ထို“ကူးတို့သမား”အဖွဲ့တွင် ပါဝင်လာခဲ့လေသည်။ ထိုအလုပ်အကိုင်မှာ သူမအတွက် အချိန်ကို အဆင်ပြေစွာ အတိုးအလျှော့ လုပ်လာနိုင်ခဲ့သည်။ ၄ နှစ်နှင့် ၈ နှစ်အရွယ် ကလေး ၂ ယောက်ကိုထိန်းရန် အချိန်လည်း ရလာသကဲ့သို့ မိသားစု၏ အိမ်နှင့်ကားတို့အတွက် အရစ်ကျပေးချေနေရသည့် ငွေပေးချေမှုအတွက်လည်း ဝန်ထုပ်ဝန်ပိုး ပေါ့လာစေခဲ့ပေသည်။
“ကူးတို့သမား”များ ပေါ်ထွန်းလာခြင်းမှာ တရုတ်-ကာဇက်စတန် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် အသက်ဝင်လာခြင်း၏ ကျေးဇူးနှင့်မကင်းပေ။ ယခင်က မော်တော်ယာဉ်များ တင်ပို့ရာတွင် ကာဇက်စတန်ဘက်က ယာဉ်မောင်းများသည် တရုတ်နိုင်ငံဘက်သို့လာ၍ မောင်းယူသွားခဲ့ကြရသည်။ သဘောတူညီချက် အသက်ဝင်လာပြီးနောက်ပိုင်း ထိုအလုပ်တွင် တရုတ်ယာဉ်မောင်းများလည်း ပါဝင်လာနိုင်ခဲ့ရာ အလျှော့အတင်းရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း စသည့်အားသာချက်များကြောင့် ထိုသယ်ယူပို့ဆောင်မှုပုံစံကို နိုင်ငံခြားမှ သွင်းကုန်သမားများက ပိုမိုသဘောကျကြလေသည်။ နယ်စပ်ဂိတ် ဒေတာများအရ ၂၀၂၅ ခုနှစ်မှစ၍ “ကူးတို့သမား”များ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ပေးသည့် မော်တော်ယာဉ်အစီးရေမှ ၁၃၆၀၀၀ စီးအထိ ရှိလာခဲ့သည်။ ယခင်က ခြောက်ကပ်နေခဲ့သည့် နယ်စပ်မှာလည်း ထိုလူများ ဥဒဟို ဖြတ်သန်းလာသည်နှင့်အမျှ တစ်နေ့တခြား ပိုမိုစည်ကားလာခဲ့လေသည်။

အဆင်ပြေစွာ နယ်စပ်ဖြတ်ကျော်နိုင်ခြင်းနောက်ကွယ်က ကြံ့ကြံ့ခံချက်နှင့် အာမခံချက်
နှစ်သစ်ကူးနီးနေပြီဖြစ်လင့်ကစား ဟော့အယ်ကော်စစ်နယ်စပ်ဂိတ်ရှေ့တွင် နယ်စပ်ဖြတ်ကျော်ရန် စောင့်နေကြသည့် မော်တော်ယာဉ်များစွာ ရှည်လျားစွာ တန်းစီနေဆဲဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် နယ်စပ်စစ်ဆေးရေးဂိတ်၏ တစ်နေ့တာ ပျမ်းမျှစစ်ဆေးဖြတ်သန်းခွင့်ပြုသည့် မော်တော်ယာဉ်အစီးရေမှာ ၁၅၉၀ စီးဖြစ်ပြီး အမြင့်ဆုံး ၂၅၄၁ စီးအထိ ရှိခဲ့သည်။ ၂၄ နာရီပတ်လုံး နယ်စပ်ဖြတ်ကျော်နိုင်စေရန်အတွက် နယ်စပ်စစ်ဆေးရေးဂိတ်က အဆိုင်း ၃ ဆိုင်းခွဲသည့်စနစ်ကို ကျင့်သုံးလေသည်။ ဝန်ထမ်းများအနေဖြင့် ညဦးပိုင်းအဆိုင်း၊ ညဉ့်နက်ပိုင်းအဆိုင်း စသည်ဖြင့်ဆင်းရသည်မှာ ထုံးစံကဲ့သို့ ဖြစ်နေပါပြီ။ “လက်ရှိမှာ ကားတစ်စီး စစ်ဆေးပြီး ဂိတ်ကလွှတ်ပေးဖို့ ပျမ်းမျှကြာချိန်က ၂ မိနစ်ဝန်းကျင်ဖြစ်တယ်။ နောက်ပိုင်းမှာ နယ်စပ်ဂိတ်အမြန်ဖြတ်သန်းမှုစနစ် တွင်ကျယ်လာတဲ့အခါ ဒီထက်မက ပိုမြန်လာပါလိမ့်မယ်”ဟု ၎င်းနယ်စပ်စစ်ဆေးရေးဂိတ် တာဝန်ကျအဖွဲ့(၁)မှ အရာရှိ ကျန်းထုန်ထုန်က ပြောပါသည်။
နယ်စပ်ဖြတ်ကျော်မှု ပိုမိုအဆင်ပြေလွယ်ကူလာနိုင်ခြင်းမှာ နည်းပညာနှင့် ဝန်ဆောင်မှု နှစ်ခုစလုံး၏ ပံ့ပိုးမှုကြောင့်ဖြစ်သည်။ ယခင်က မော်တော်ယာဉ် တင်ပို့ရန်အတွက် အကောက်ခွန်ရုံးတွင် သွားတန်းစီ၍ ကတ်ပြားပြုလုပ်ကြရသည်။ ယခုအခါ ကားမှန်တွင် QR code ကပ်ထားလိုက်ရုံနှင့် နယ်စပ်ဂိတ်၌ ကင်မရာက စကင်ဖတ်လိုက်ပြီးနောက် ဂိတ်တံခါးတန်းအလိုအလျောက်ပွင့်ကာ တစ်ခါတည်း ဖြတ်သန်းခွင့်ပြုလာသဖြင့် အချိန်ကုန်သက်သာလာခဲ့လေသည်။ နယ်စပ်စစ်ဆေးရေးဂိတ်ကလည်း “ကူးတို့သမား”များကို စောင့်ရှောက်မှုရှိပေ၏။ နွေရာသီဆိုလျှင် အပူမရှပ်စေရန် ကာကွယ်သောဆေးဝါးများ၊ ပဲတီစိမ်းဟင်းချိုများကို ပြင်ဆင်ပေးထား၍ နယ်စပ်ဂိတ်ကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်စေရန် ဘက်ပေါင်းစုံမှ စောင့်ရှောက်ပေးလေသည်။
နိုင်ငံ့တံခါး၏ ပြောင်းလဲတိုးတက်မှုမှာ ဖုခန်း၏ ကိုယ်တွေ့မျက်မြင်ပင်ဖြစ်၏။ “မူလက နယ်စပ်တံတားက ကျဉ်းကျဉ်းလေးဖြစ်လို့ လေအားလျှပ်စစ်ထုတ်စက်တွေ ဖြတ်လို့ အဆင်မပြေဘူး။ အခုတော့ မော်တော်ယာဉ်တွေ အဆင်ပြေစွာ ဖြတ်သန်းနိုင်ရုံတင်မကဘူး၊ ကျွန်တော်တို့ဆိုရင် ရထားသံလမ်းတွေ၊ ရထားတွဲအစိတ်အပိုင်းတွေ စတဲ့အကြီးစားစက်ပစ္စည်းတွေကိုတောင် သယ်ပို့ဖူးသေးတယ်။” သူက ကာဇက်စတန်တွင် ဆောက်လုပ်ပြီးစီးသွားသည့် ရထားဘူတာစင်္ကြံကို ဂုဏ်ယူစွာ ပြသကာ “အဲဒါ Made in China ပဲ”ဟု ပြောခဲ့လေသည်။ ၂၀၁၄ ခုနှစ်က နယ်စပ်ဂိတ်ပတ်ဝန်းကျင်သည် သဲကန္တာရအဖြစ် ရှိနေခဲ့ပါသည်။ နယ်စပ်စစ်ဆေးရေးဂိတ်ဝန်ထမ်းများက သစ်ပင်စိုက်ခဲ့ကြရာ ယခုအခါမှာတော့ မော်တော်ယာဉ်တင် နောက်တွဲကားတင်ယာဉ်ကြီးများ၊ မော်တော်ယာဉ်များ အပြည့်ဖြစ်နေသည့် စက်မှုဇုန်ကို လာ၍တည်ထားလိုက်ပါပြီ။ ဟိုတယ်များ၊ မော်တော်ယာဉ်အရောင်းပြခန်းများ ဆောက်လုပ်လာကြပါပြီ။ ၁၀ နှစ်တာကာလအတွင်း သဲကန္တာရအဖြစ်မှ ပြည်ပကုန်သွယ်ရေးဒေသအဖြစ် စည်ကားလာခဲ့ပြီဖြစ်သည်။

ပြည့်စုံသော ကုန်ထုတ်လုပ်မှုကွင်းဆက် တိတ်တဆိတ် ရုပ်လုံးပေါ်လာခြင်း
“ကူးတို့သမား”များ၏ အလုပ်မအားလပ်မှု နောက်ကွယ်တွင် မော်တော်ယာဉ်တင်ပို့မှုပမာဏ အများအပြား မြင့်တက်လာခြင်း ရှိသကဲ့သို့ ဟော့အယ်ကော်စစ်နှင့် သက်ဆိုင်ရာ ကုန်ထုတ်လုပ်မှုကွင်းဆက်ကိုလည်း ကြီးထွားလာစေခဲ့ပေသည်။ လွန်ခဲ့သော ၃ နှစ်က ထိုဒေသ၌ မော်တော်ယာဉ်တင်ပို့မှု ဝန်ဆောင်ပေးသည့် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီအရေအတွက်မှာ ဆယ်ဂဏန်းမျှသာ ရှိခဲ့ရာမှ ယခုအခါ ထောင်ဂဏန်းအထိ ရှိလာခဲ့ပြီဖြစ်သည်။ စွန့်ပစ်ခံထားရသော နံပြားထုတ်လုပ်ရေးဇုန်တစ်ခုသို့ မော်တော်ယာဉ်၊ စက်ပြင်နှင့် မွမ်းမံပြင်ဆင်ရေးလုပ်ငန်းများ တဖွဲဖွဲရောက်လာကြပြီး နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်ဝန်ဆောင်မှု၏ ကွက်လပ်ကို ဖြည့်ပေးလိုက်ကြသည်။
တရုတ်-ကာဇက်စတန် ဟော့အယ်ကော်စစ် အပြည်ပြည်ဆိုင်ရာ နယ်စပ်ပူးပေါင်းဆောင်ရွက်ရေးစင်တာသည် စီးပွားရေးအခွင့်အလမ်းများ ဆုံစည်းရာ ဗဟိုချက်မ ဖြစ်လာသည်။ ထိုနေရာ၌ နိုင်ငံသားများသည် သက်သေခံလက်မှတ် ကိုင်ဆောင်ကာ နိုင်ငံနှစ်ခုအကြား ကူးလူးဝင်ထွက်နိုင်သည်။ မော်တော်ယာဉ်ရောင်းချခြင်း၊ ဘာသာစကားစုံ နယ်စပ်ဖြတ်ကျော် လိုက်ဖ်လွှင့်ရောင်းဝယ်ခြင်း၊ မော်တော်ယာဉ်များ ရောင်းချပြီးနောက် နောက်ဆက်တွဲဝန်ဆောင်မှုများအားလုံး စုံလင်စွာ ရှိလေသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဝင်ရောက်လာသည့် ယဲ့ရွင့်ဖေးသည် နှစ်ဝက်အတွင်းမှာပင် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ် စက်ပြင်အော်ဒါ ၂၀၀ ကျော် ရရှိခဲ့ပြီး ပြည်တွင်းဖြစ် မော်တော်ယာဉ် အစီး ၄၀ ကျော် ရောင်းချနိုင်ခဲ့သည်။ “ကာဇက်စတန်ဘက်မှာ ပြင်ရတာနဲ့စာရင် ကျွန်တော်တို့ဘက်က ဈေးလည်း ပိုသက်သာတယ်၊ ပြင်တာလည်း ပိုကောင်းတယ်။ ဒေသခံစက်ပြင်လုပ်ငန်းတွေနဲ့လည်း ပူးပေါင်းပြီး ကာဇက်စတန်ဘက်က စက်ပြင်ဆရာတွေကို မွမ်းမံသင်တန်းပေးတာမျိုးတွေလည်း ရှိပါတယ်”ဟု သူက ပြောပြပါသည်။
မာရွေ၏ ဖခင်မှာ မူလက တရုတ်ဧက ၂၀ ကျော်ကျယ်ဝန်းသော မက်မွန်ခြံကို စောင့်ရှောက်ရသည့် တောင်သူတစ်ဦးဖြစ်သည်။ “ကူးတို့သမား”အလုပ်ကြောင့် သူလည်း ကာဇက်စတန်မြေပေါ်သို့ ပထမဆုံးအကြိမ် ခြေချဖူးလာခဲ့သည်။ မော်တော်ယာဉ်အား ဝယ်သူလက်သို့ အပ်နှံပြီး၍ ကာဇက်စတန်၏ လမ်းပေါ်တွင် တရုတ်ပြည်တွင်းဖြစ် မော်တော်ယာဉ်များ၊ တရုတ်ကုန်ပစ္စည်းများကို မြင်ရတိုင်း သူက အထူးဂုဏ်ယူမိတတ်သည်။ “ကျွန်တော်သာ ဒီကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ရောက်လာနိုင်ခဲ့ရင် အလုပ်တွေ တော်တော်များများ လုပ်နိုင်ခဲ့မှာ”ဟု သူက ပြောသည်။ တောင်သူမှ “ကူးတို့သမား”အဖြစ်၊ သဲကန္တာရမှ ပြည်ပကုန်သွယ်ရေးဒေသအဖြစ် ဟော့အယ်ကော်စစ်၏ စည်ကားမှုတိုင်းတွင် သာမန်ပြည်သူတို့၏ ကြိုးစားမှုများ ရှိနေသကဲ့သို့ တရုတ်-ကာဇက်စတန် အပြန်အလှန် ကူးလူးဆက်သွယ်မှု၏ အဆုံးမရှိသော ဖြစ်နိုင်စွမ်းတို့လည်း ရှိနေပေသည်။