၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအပေါ် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ သတင်းမီဒီယာသမားများ၏ အမြင်များ
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်တစ်ခု ရှိလာချိန်တွင် ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များ ဝေဆာလာပြီဖြစ်သည်။ ထိုအရေးပါသော အခိုက်အတန့်၌ မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံမှ သတင်းမီဒီယာသမားများသည် ကလောင်နှင့်ကင်မရာတို့ဖြင့် ကိုယ်တိုင်လေ့လာမှတ်တမ်းတင်၍ “လန်ချန်း-မဲခေါင် အကြောင်းအရာ”များကို ပြောပြခဲ့ကြသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ၊ ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကျွန်တော်သည် တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ချွီကျင့်မြို့သို့ သွား၍ ၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ရုပ်သံရက်သတ္တပတ်သို့ တက်ရောက်ပြီး “လန်ချန်း-မဲခေါင် ရှုထောင့်မှ ယူနန်”လေ့လာရေးခရီးနှင့် “အရည်အသွေးမြင့် သင်ယူရေး အစီအစဉ်” နိုင်ငံခြားမီဒီယာသမားများ မွမ်းမံသင်တန်းတို့တွင် ပါဝင်ခွင့် ရရှိခဲ့ပါသည်။ ခရီးစဉ်အတွင်း နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက ယူနန်၏ လူနေမှုဘဝနှင့် ယဉ်ကျေးမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင် လေ့လာမှတ်တမ်းတင်ခဲ့ကြပြီး နည်းပညာနှင့် အတွေးအမြင်များ ဖလှယ်ခဲ့ကြပါသည်။ ထိုခရီးစဉ်က လန်ချန်း-မဲခေါင် ၆ နိုင်ငံ၏ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် ပြည်သူများအကြား နှလုံးသားချင်းဆက်သွယ်ရေးကို ထင်ဟပ်ပြသ၍ လန်ချန်း-မဲခေါင် နိုင်ငံများ ကြမ္မာတူအသိုက်အဝန်း အတူတည်ဆောက်ရေး၏ ခိုင်မာပြတ်သားသော ခြေလှမ်းများကိုလည်း ထင်ရှားစေခဲ့သောကြောင့် အထူးပင် အောင်မြင်သော ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သော ၁၀ နှစ်တာကာလတွင် သာမန်မဟုတ်သော ခရီးစဉ်ကို ဖြတ်သန်းခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုထင်ရှားသော ရှင်သန်အားနှင့် ပိုမိုလက်တွေ့ကျသော ဦးတည်ချက်တို့ကို ပြသခဲ့ပါသည်။ ကျွန်တော် အထူးသဖြင့် သဘောကျမိသည်မှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်မှုသည် လူကိုဗဟိုပြုရေးမူအား မြဲမြဲစွဲကိုင်ထားကာ နိုင်ငံအသီးသီး၏ ပကတိအခြေအနေကို လေးစားမှုအား အခြေခံလျက် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သည့်အချက်ပင်ဖြစ်သည်။ ယဉ်ကျေးမှုဖလှယ်ရေးမှသည် ပညာရေး၊ ကျန်းမာရေး၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းများ စသည့်နယ်ပယ်များအထိ ကျယ်ပြန့်ကာ ဒေသတွင်းပြည်သူများအကြား နှလုံးသားချင်းဆက်သွယ်ရေးအတွက် အားသစ်လောင်းပေးနိုင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် သတင်းအချက်အလက် မျှဝေခြင်းနှင့် စွမ်းဆောင်ရည် တည်ဆာက်ရေးအပိုင်းတို့မှာလည်း တိုးတက်မှုများ ရှိလာခဲ့ပါသည်။ နိုင်ငံအသီးသီးမှ မီဒီယာများအကြား ပိုမိုရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကို တည်ဆောက်နိုင်ခဲ့သဖြင့် လန်ချန်း-မဲခေါင်သတင်းများကို ယခုထက်မက ပိုမိုကျယ်ပြန့်စွာ၊ ပိုမိုမှန်ကန်စွာ ပြန်ကြားပေးလာနိုင်မည် ဖြစ်ပါသည်။
အနာဂတ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ပြည်သူများ အကျိုးရှိစေမည့် နယ်ပယ်များတွင် ဆက်လက်၍ ပိုမိုဆောင်ရွက်နိုင်ပြီး မီဒီယာနှင့် think tank ၏ ပေါင်းကူးတံတားအဖြစ် သက်ရောက်မှုအား ပိုမိုအားကောင်းအောင် လုပ်ဆောင်၍ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များကို လူအဖွဲ့အစည်း အောက်ခြေအထိ အကျိုးခံစားနိုင်စေရန် ကျွန်တော် မျှော်လင့်မိပါသည်။ မီဒီယာသမားများဖြစ်သော ကျွန်တော်တို့သည် လန်ချန်း-မဲခေါင် တိုးတက်ဖွံ့ဖြိုးရေး အတူဆောင်ရွက်ချက်များ၏ အသံကို အကောင်းဆုံး ကြိုးစား၍ ပြန်ကြားပေးကြမည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံ PPTV HD 36 ချန်နယ် Creative and Digital Content (Production) မန်နေဂျာ ဆူဝီမွန် ဂျီနာမောင်း
၂၀၂၅ ခုနှစ်တွင် လန်ချန်း-မဲခေါင် နိုင်ငံအသီးသီးက နိုင်ငံဖြတ်ကျော် လိမ်လည်မှုများကို အတူလက်တွဲတိုက်ဖျက်ခဲ့ကြပါသည်။ ၎င်းမှာ သာမန် တရားဥပဒေစိုးမိုးရေးကိစ္စမဟုတ်ဘဲ ဒေသတွင်းတစ်ခုလုံး၏ တည်ငြိမ်ရေးအတွက် သော့ချက်ကျသော အရေးကိစ္စ ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အာဂျင်ဒါသည် ပိုမိုလက်တွေ့ကျလာသည်ကို ကျွန်မတို့ မြင်တွေ့ရပါသည်။ စီးပွားရေး၊ ကုန်သွယ်မှု၊ သယံဇာတတူးဖော်မှု၊ နည်းပညာဆန်းသစ်တီထွင်မှု စသည့် နယ်ပယ်များရှိ ပူးပေါင်းဆောင်ရွက်မှုများ အသေးစိတ် အကောင်အထည်ပေါ်လာခဲ့ပါသည်။ ဥပမာအနေဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အခြားဒေသများရှိ PM2.5 လေထုညစ်ညမ်းမှုအား ကိုင်တွယ်ဆောင်ရွက်ရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ မူဘောင်အောက်၌ ပူးပေါင်းကာကွယ်ရေးများ ဆောင်ရွက်လာပြီး နိုင်ငံတော်နှင့်ဒေသအဆင့်တို့မှာလည်း ပိုမိုရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လာကြပါသည်။

လာအိုနိုင်ငံ အမျိုးသားအသံလွှင့်ဌာန သတင်းတင်ဆက်သူ၊ သတင်းထောက် ကတ်တိုက် မာနိုဆား
၂၀၂၅ ခုနှစ်တွင် လာအိုနှင့်တရုတ်သည် လာအို-တရုတ်ရထားလမ်း “တစ်နေရာတည်းတွင် နှစ်နိုင်ငံစစ်ဆေးမှု”ပြုလုပ်ရန် အစိုးရချင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သဖြင့် နောင်အခါတွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို နေရာတစ်နေရာတည်း၌ နှစ်နိုင်ငံစလုံး၏ စစ်ဆေးမှုများကို အပြီးအစီး ဆောင်ရွက်နိုင်မည်ဖြစ်၍ နယ်စပ်ဖြတ်ကျော်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူလာမည် ဖြစ်ပါသည်။
လာအို-တရုတ်ရထားလမ်း၏ကျေးဇူးကြောင့် ပြီးခဲ့သည့်တစ်နှစ်အတွင်း လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် အရည်အသွေးမြင့် နောက်ထပ်အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရထားလမ်းက ခရီးသည်များကို သယ်ယူပို့ဆောင်ပေးရုံသာမက စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအတွက်လည်း အထူးတွဲများ ပုံမှန်စီစဉ်ပေးထားသဖြင့် အမဲသား၊ ဒူးရင်းသီး၊ ငှက်ပျောသီး စသည့် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပါသည်။ ရထားလမ်းမှတစ်ဆင့် လာအိုနိုင်ငံသို့ ပြည်ဝင်ကြသည့် တရုတ်ခရီးသည်များ တစ်ဟုန်ထိုး မြင့်တက်လာသဖြင့် လွမ်ပရာဘန်၊ ဗန်ဗီယန်း စသည့်ဒေသများရှိ ဝန်ဆောင်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ VTC News သတင်းဌာန New Media Center ဒါရိုက်တာ ဇုန်ကွမ်တုန်
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် အတူညှိနှိုင်းခြင်း၊ အတူတည်ဆောက်ခြင်းနှင့် အတူအကျိုးခံစားခြင်းဟူသောမူကို အစဉ်စွဲကိုင်ထားသဖြင့် ရှင်သန်အားနှင့် လက်တွေ့ကျသော အကျိုးသက်ရောက်မှုများ ထင်ရှားပေါ်လွင်လာခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို အလေးထားကာ ရေသယံဇာတအား မျှမျှတတ နည်းလမ်းကျစွာ အသုံးချနိုင်ရေး စသည့် သော့ချက်အာဂျင်ဒါများကို အရေးပါသောနေရာတွင် ထားရှိလျက် စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု နှစ်ခုစလုံးကို မျှတစွာ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်နေပါသည်။ ဗီယက်နမ်သည်လည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ထိုအရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်လျက်ရှိပါသည်။

ကမ္ဘောဒီးယား DAP မီဒီယာစင်တာ ဒါရိုက်တာ ဆွိုင်ဆုပ်ဖိ
ကျွန်တော့်အမြင်တွင် ၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအကျဆုံး သတင်းစကားမှာ ဒေသတွင်း နိုင်ငံအသီးသီး၏ ငြိမ်းချမ်းရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအတွက် စွဲစွဲမြဲမြဲ ဆောင်ရွက်ချက်ပင် ဖြစ်ပါသည်။ ကမ္ဘောဒီးယားပြည်သူများသည် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတောင့်တသကဲ့သို့ တည်ငြိမ်ရေးကိုလည်း တန်ဖိုးထားကြပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားက ဆောင်ကြဉ်းပေးလာသည့် အခွင့်အလမ်းများအတွက် ကျွန်တော်တို့ ကျေးဇူးတင်သကဲ့သို့ ၎င်းအား နောင်လာမည့် ရွှေရောင် ဆယ်စုနှစ်အတွင်းတွင် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ပိုမိုခိုင်မြဲသည့် မဏ္ဍိုင်ဖြစ်လာစေရန်ကိုလည်း မျှော်လင့်မိပါသည်။ လန်ချန်း-မဲခေါင်ဒေသ၏ အရေးအကြီးဆုံး အကြောင်းအရာမှာ သာမန်ပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ကလေးသူငယ်များ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာနိုင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ အစဉ်အဆက် လက်ဆင့်ကမ်းအမွေပေးနိုင်ရေးတို့ပင် ဖြစ်ပါသည်။ စည်းလုံးညီညွတ်မှုနှင့် မျှော်လင့်ချက်များအတွက် လန်ချန်း-မဲခေါင်မြစ်ရေက ဆက်လက်၍ အားသစ်လောင်းပေးနိုင်စေရန် မျှော်လင့်ပါသည်။