(၁၀) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ဇွန်လတွင် ကူမင်းမြို့၌ ကျင်းပမည်
By Zhang Yingli|
မတ်လ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၃၀)ကြိမ်မြောက် ကူမင်း နိုင်ငံတကာ သွင်းကုန်-ပို့ကုန် ကုန်စည်ပြပွဲ မိတ်ဆက်ပွဲမှ ရရှိသည့် သတင်းအရ (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသွားမည် ဖြစ်သည်။

ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် ပွင့်လင်းမြင်သာမှုရှိသော တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်း ဖလှယ်ရေးနှင့် စားသုံးမှု မြှင့်တင်ရေး စသည့် ပလက်ဖောင်း (၅) ခုကို နက်ရှိုင်းစွာ တည်ဆောက်သွားမည်ဖြစ်ပြီး အဆင့်မြင့် ပွင့်လင်းမြင်သာမှုရှိသော စည်းဝေးပွဲကြီးတစ်ခုအဖြစ် ဂရုတစိုက် ဖန်တီးသွားမည် ဖြစ်သည်။ လက်ရှိတွင် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ဖလှယ်မှု မြှင့်တင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်ခြင်းတို့အတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကို ပထမဆုံးအကြိမ် ကျော်လွန်ခဲ့ပြီး ယမန်နှစ်ကထက် ၁၀.၇% တိုးတက်ကာ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု စွမ်းဆောင်ရည်နှင့် တက်ကြွမှုကို ပြသခဲ့သည်။

အဆိုပါမိတ်ဆက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါနှင့် လာအိုစသည့်နိုင်ငံများမှ တရုတ်နိုင်ငံဆိုင်ရာ သံတမန်များက အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြပြီး နှစ်ဦးနှစ်ဖက်နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရာတွင် တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ အရေးပါသော အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ ၎င်းတို့သည် (၁၀)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲအတွက် မျှော်လင့်ချက်အပြည့်ဖြင့် ရှိကြပြီး မိမိတို့နိုင်ငံမှ ကုမ္ပဏီများ၊ ကုန်သည်များနှင့် အသင်းအဖွဲ့များအား တက်ရောက်ပြသရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။