၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း ယူနန်ပြည်နယ် ချင်းရွှေဟော်နယ်စပ်ဂိတ်၏ စုစုပေါင်း သွင်းကုန်ပို့ကုန် တန်ဖိုးမှာ ယွမ် ၂.၇၁ ဘီလီယံရှိ
မန့်တိန်အကောက်ခွန်ဌာနမှ ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း ယူနန်ပြည်နယ် မန့်တိန်ချင်းရွှေဟော်နယ်စပ်ဂိတ် (မန်ခါလမ်းကြောင်း အပါအဝင်) ၏ နိုင်ငံခြားကုန်သွယ်မှုမှာ စုစုပေါင်း သွင်းကုန်ပို့ကုန် တန်ဖိုး ယွမ် ၂.၇၁ ဘီလီယံရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၀၇.၅% တိုးတက်ကာ နှစ်ဆနီးပါး တိုးတက်လာခဲ့သည်။ နယ်စပ်ဂိတ်သည် ၁၇ လ ဆက်တိုက် ပို့ကုန်၊ သွင်းကုန်များတွင် အပြုသဘောဆောင်သော တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ ဂိန်မာ တိုင်နှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တည်ရှိသော ချင်းရွှေဟော်နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ပေးပြီး တောင်အာရှနှင့် အရှေ့တောင်အာရှကို ချိတ်ဆက်ပေးသည့် အရေးကြီးသော ကုန်းလမ်းတစ်ခုဖြစ်သည်။
စာရင်းအင်းများအရ ယခုနှစ် ပထမ ၄ လအတွင်း အဆိုပါနယ်စပ်ဂိတ်၏ စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ ယွမ် ၁.၁၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၆၀.၉% တိုးတက်လာကာ စုစုပေါင်းပို့ကုန်မှာ ယွမ် ၁.၅၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၇၉.၄% တိုးတက်လာခဲ့သည်။ ဤသို့ဖြင့် ကုန်သွယ်မှုဖွဲ့စည်းပုံမှာ စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်လာပြီး ကုန်သွယ်မှုပုံစံအမျိုးမျိုးတို့က ပေါင်းစပ်ညှိနှိုင်း တွန်းအားပေးလျက်ရှိသည်။ ၎င်းတို့အနက် နယ်စပ်ကုန်သွယ်မှု အသေးစားမှာ ထူးခြားပြောင်မြောက်လျက် သွင်းကုန်ပို့ကုန် တန်ဖိုး ယွမ် ၁.၁၉ ဘီလီယံရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၂၉% တိုးတက်လာသည်။ နယ်စပ်ဒေသခံများ အချင်းချင်း အပြန်အလှန် ကုန်သွယ်မှုမှာ အလွန်လျင်မြန်စွာ တိုးတက်လျက် သွင်းကုန်ပို့ကုန် တန်ဖိုးမှာ ယွမ် ၀.၂၈ ဘီလီယံရှိပြီး တိုးတက်မှုနှုန်းမှာ ၂၉၆.၉% အထိရှိသည်။
တစ်ချိန်တည်းမှာပင် ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် လက်ခံပြုပြင်ထုတ်လုပ်ခြင်း၊ စျေးကွက်အတွင်းဝယ်ယူတင်ပို့ခြင်း၊ သွင်းကုန်ကုန်ကြမ်းသုံး ပို့ကုန်လုပ်ငန်းတို့သည်လည်း အသားတင် တိုးတက်မှုရရှိခဲ့သည်။ နယ်စပ်ဖြတ်ကျော် E-Commerce ( မော်ဒယ် ၉၇၁၀) မှ တင်ပို့မှုတန်ဖိုး ယွမ် ၂၀.၂၉၆ သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် ၄၈၂.၅% သိသိသာသာ တိုးတက်လာသည်။ ထို့အပြင် ထပ်မံတိုးချဲ့ ထားသော ပို့ဆောင်ရေးစင်တာသည် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများ တင်ပို့ခြင်းကဏ္ဍတွင် ထိုးဖောက်မှုတစ်ခု ရရှိခဲ့ပြီး စီးပွားရေးပုံစံအသစ်များသည် နယ်စပ်ဂိတ်ပြည်ပကုန်သွယ်မှု တိုးတက်မှုအတွက် မောင်နှင်အားအသစ်တစ်ခု ဖြစ်လာခဲ့သည်။
ပြည်ပကုန်သွယ်မှု လုပ်ငန်းရှင်များ၏ သက်ဝင်လှုပ်ရှားမှုမှာ ဆက်လက် အားကောင်းလာသည်။ ပထမ ၄ လအတွင်း နယ်စပ်ဂိတ်တွင် သွင်းကုန်၊ပို့ကုန် လုပ်ငန်းရှိသည့် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက် လုပ်ကိုင်နေသည့် ကုမ္ပဏီအရေအတွက်မှာ ၈၃၉ ခုရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၈၃.၄% တိုးတက်လာသည်။ ၎င်းတို့အနက် လုပ်ငန်းတန်ဖိုး ယွမ် ၁ သန်းကျော်ရှိသည့် ကုမ္ပဏီပေါင်း ၂၈၆ ခု ရှိသည်။
တင်သွင်းမှု (သွင်းကုန်)ဘက်တွင် ဓာတ်သတ္တုထွက်ကုန်များ၊ သစ်သားနှင့် သစ်အခြေခံထွက်ကုန်ပစ္စည်းများ၊ ကြံ စသည်တို့သည် အဓိကအမျိုးအစားများဖြစ်သည်။ ဓာတ်သတ္တုထွက်ကုန် တင်သွင်းမှုမှာ ယွမ် ၅၉၀ သန်းရှိပြီး ယမန်နှစ်အလားတူကာလထက် ၁၃၇၅% အထိ ဆတိုးသိသိသာသာ မြင့်တက်လာခဲ့သည်။ သစ်သားနှင့် သစ်အခြေခံထွက်ကုန်ပစ္စည်းများ တင်သွင်းမှုမှာ ၅၀၀% တိုးတက်လာပြီး ကျောက်စိမ်းအချောထည်များမှာလည်း အသားတင်တင်သွင်းမှု ပမာဏ တိုးတက်လာသည်။ တင်ပို့မှု (ပို့ကုန်)ဘက်တွင် စက်မှုနှင့်လျှပ်စစ်ထုတ်ကုန်ပစ္စည်းများက ဦးဆောင်တိုးတက်လျက်ရှိပြီး တင်ပို့မှုတန်ဖိုး ယွမ် ၅၂၀ သန်းရှိကာ တိုးတက်မှုနှုန်း ၄၁၈.၇% ရှိသည်။ စိုက်ပျိုးရေးထွက်ကုန်များနှင့် စားသောက်ကုန်များ တင်ပို့မှုမှာလည်း တည်ငြိမ်စွာ မြင့်တက်လျက်ရှိပြီး ယမန်နှစ်အလားတူကာလထက် ၆၃% နှင့် ၇၀.၉% အသီးသီး တိုးတက်လာသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးကြီးသော အဓိကအချက်အချာနေရာအနေဖြင့် မန့်တိန် ချင်းရွှေဟော်နယ်စပ်ဂိတ်သည် ကုန်သွယ်မှုပုံစံသစ် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးလုပ်ငန်းရှင် အရေအတွက် တိုးချဲ့မှုနှင့် အဓိကကုန်စည်များ၏ ဆွဲငင်မှုတို့ကို အမှီပြုလျက် ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို စဉ်ဆက်မပြတ် စုဆောင်းနိုင်ခဲ့ပြီး ပြင်ပကမ္ဘာသို့ တံခါးဖွင့်လှစ်မှုအဆင့်ကို တည်ငြိမ်စွာ မြှင့်တင်နိုင်ခဲ့သည်။