ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ထရမ့်တို့ တွေ့ဆုံဆွေးနွေး

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေသော အမေရိကန်သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ ရှင်သန်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေရန် အလေးထားဆောင်ရွက်နေကြောင်း၊ မိမိနှင့် သမ္မတထရမ့်တို့သည် "တရုတ်-အမေရိကန် အပြုသဘောဆောင်သည့် မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေး" ကို နှစ်နိုင်ငံဆက်ဆံရေး၏ တည်နေရာသစ်အဖြစ် သတ်မှတ်ရန် သဘောတူညီခဲ့ကြကြောင်း၊ ယင်းသည် နောင်လာမည့် ၃ နှစ်နှင့် ထိုထက်မကသော ကာလများအတွက် တရုတ်-အမေရိကန် ဆက်ဆံရေးကို မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကြိုဆိုမှုကို ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
သမ္မတထရမ့်က တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခွင့်ရသည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ၊ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်း၊ မိမိနှင့် သမ္မတရှီကျင့်ဖျင်တို့သည် သမိုင်းတစ်လျှောက် အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များအကြား အရှည်ကြာဆုံးနှင့် အကောင်းမွန်ဆုံးသော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ပြီး ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ပြောဆိုကာ အရေးကြီးသော ပြဿနာများစွာကို ဖြေရှင်းနိုင်ခဲ့ကြောင်း၊ သမ္မတရှီကျင့်ဖျင်သည် ကြီးမြတ်သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း ကြီးမြတ်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိအနေဖြင့် သမ္မတရှီကျင့်ဖျင်နှင့် တရုတ်ပြည်သူများကို အလွန်လေးစားကြောင်း၊ ယနေ့တွေ့ဆုံမှုသည် တစ်ကမ္ဘာလုံးက အာရုံစိုက်နေသည့် အရေးကြီးသော တွေ့ဆုံမှုတစ်ခုဖြစ်ကြောင်း၊ မိမိအနေဖြင့် သမ္မတရှီနှင့်အတူ ပူးပေါင်းကာ ဆက်သွယ်ဆောင်ရွက်မှုများ အားကောင်းစေရန်၊ သဘောထားကွဲလွဲမှုများကို သင့်လျော်စွာ ဖြေရှင်းရန်၊ အမေရိကန်-တရုတ် ဆက်ဆံရေးကို သမိုင်းတစ်လျှောက် အကောင်းဆုံး စတင်ရန်နှင့် နှစ်နိုင်ငံအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း၊ အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးနှင့် အင်အားအကြီးဆုံး နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက်သာမက ကမ္ဘာကြီးအတွက်ပါ ကြီးမားပြီး ကောင်းမွန်သော ကိစ္စရပ်များကို လုပ်ဆောင်ပေးနိုင်ကြောင်း၊ မိမိ၏ ယခုခရီးစဉ်တွင် အမေရိကန် စီးပွားရေးလောကမှ ထင်ရှားသော ကိုယ်စားလှယ်များကို ခေါ်ဆောင်လာခဲ့ကြောင်း၊ ၎င်းတို့အားလုံးသည် တရုတ်နိုင်ငံကို လေးစားတန်ဖိုးထားကြသူများဖြစ်ပြီး ၎င်းတို့အား တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် မိမိက တက်ကြွစွာ တိုက်တွန်းအားပေးထားကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် အရှေ့အလယ်ပိုင်းဒေသအရေး၊ ယူကရိန်းအကျပ်အတည်းနှင့် ကိုရီးယားကျွန်းဆွယ်အရေး အပါအဝင် အခြားသော အဓိကကျသည့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအတွင်း သမ္မတထရမ့်က ခရီးစဉ်တွင် လိုက်ပါလာသည့် စီးပွားရေးလုပ်ငန်းရှင်များကို သမ္မတရှီကျင့်ဖျင်ထံ တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။