နည်းပညာဆန်းသစ်တီထွင်မှုဖြင့် “ထရီလီယံချီ အင်ပါယာကြီး”အား မောင်းနှင်လည်ပတ်လျက်ရှိသော ANTA
တရုတ်ရိုးရာမြင်းနှစ် ရောက်ရှိလာခြင်းနှင့်အတူ Anta အုပ်စုကလည်း “မြင်း”တစ်စီးကို ခေါ်ဆောင်လာခဲ့သည်။ ထို“မြင်း”မှာ ဂျာမန် အားကစားဘရန်း Puma (တရုတ်အသံထွက်အမည်- “ပျောင်းမာ” ၊ “မာ”သည် တရုတ်လို မြင်းဟု အနက်ရ၏။) ထိုသတင်းထွက်ပေါ်လာသည်နှင့် “Anta က ရှိသမျှ နာမည်ကြီး အားကစားဘရန်းတွေ အကုန်လုံးကို ဝယ်တော့မလို့လား”ဆိုပြီး ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်ကုန်လေ၏။ ဤကဲ့သို့ မေးခွန်းထုတ်လာကြသည်မှာလည်း အကြောင်းမဲ့တော့ မဟုတ်ချေ။ ယခုနှစ်များတွင် ဈေးဝယ်စင်တာများ၊ အွန်လိုင်းပလက်ဖောင်းများတွင် လူကြိုက်များနေသည့် အားကစားဘရန်း အတော်များများ၏ နောက်ကွယ်တွင် Anta နှင့် ပတ်သက်မှု ရှိကြလေသည်။ ၂၀၂၄ ခုနှစ်တွင် Anta အုပ်စုနှင့် ၎င်းဦးပိုင်ပြုထားသော Amer အုပ်စုတို့၏ ဝင်ငွေမှာ ထရီလီယံချီ ဖြစ်သွား၍ ကမ္ဘာ့အကြီးဆုံး အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများစာရင်း၏ တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ ယခုတစ်ဖန် Puma ၏ ရှယ်ယာ ၂၉.၀၆ %ကို ဝယ်ယူလိုက်ခြင်းဖြင့် အကြီးဆုံးရှယ်ယာပိုင်ရှင် ဖြစ်လာခဲ့သကဲ့သို့ Anta ဟူသော အားကစား အင်ပါယာကြီးတွင်လည်း Puma ဟူသော စစ်သူကြီးတစ်ဦး ထပ်တိုးလာခဲ့လေသည်။ ၁၉၉၁ ခုနှစ်တွင် ကျင့်ကျန်းက ဖိနပ်စက်ရုံတစ်ခုမှ အစပြုလာခဲ့သည့် Anta သည် ယနေ့ ကမ္ဘာ့ထိပ်သီး ဖြစ်လာသည်အထိ မည်သို့ဖြတ်ကျော်လာခဲ့ရပါသနည်း။ လုပ်ငန်းနယ်ပယ်၏ ကန့်သတ်ချက်ကို ကျော်လွှားပြီး ကုမ္ပဏီများကို ဟောတစ်ခု ဟောတစ်ခု ဝယ်ဖြစ်လာနိုင်ခဲ့သည်မှာ ဘာကြောင့်ပါနည်း။

ကုန်ကျစရိတ်ကို ပဓာနမထားသည့် အားကစားစိတ်ဓာတ်
Anta ကြီးထွားတိုးတက်လာခြင်းမှာ အားကစားအပေါ် နက်ရှိုင်းစွာ ဆက်နွှယ်မှုနှင့် မကင်းပါချေ။ အိုလံပစ်ပွဲတော်၊ တရုတ်အမျိုးသားလက်ရွေးစင်အသင်းများနှင့် လက်တွဲခြင်းတို့မှာ ၎င်း၏ ခိုင်မာသော အခြေခံအုတ်မြစ်အတွက် အဓိကသော့ချက်ပင် ဖြစ်ပေသည်။ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်တွင် Adidas က ကူညီပံ့ပိုးခွင့် ရရှိခဲ့သည်။ ငှက်သိုက်အားကစားရုံကြီးတွင် အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုနေခဲ့သည့် Anta ဥက္ကဋ္ဌ တင်းရှစ်ကျုံးက ထိုစဉ်ကတည်းကပင် တရုတ်အားကစားမောင်မယ်များ အမျိုးသားအမှတ်တံဆိပ် အားကစားဝတ်စုံများကို ဝတ်ဆင်၍ ကမ္ဘာ့ထိပ်တန်း အားကစားပွဲတော်၏ ဆုလက်ခံ စင်မြင့်ပေါ် တက်လှမ်းစေရမည်ဟု တိတ်တဆိတ် သန္နိဋ္ဌာန်ပြုခဲ့လေသည်။ နောက်တစ်နှစ်တွင် Anta သည် တရုတ်အိုလံပစ်ကော်မတီနှင့် စာချုပ်ချုပ်ဆိုခဲ့ရာမှ ၁၆ နှစ်တိုင် လက်တွဲဖြစ်ခဲ့လေသည်။
ထိုစဉ်က Anta ၏ တစ်နှစ်ဝင်ငွေမှာ တရုတ်ယွမ် ၄၆၂၇ သန်းသာ ရှိခဲ့ရာ Adidas မှာမူ ယူရိုငွေ ဘီလီယံချီ ရှိနေခဲ့ပြီဖြစ်၍ ကွာဟမှုမှာ သိသာလွန်းသောကြောင့် အခြားသူများအားလုံးက သံသယရှိခဲ့ကြပေသည်။ “Anta က အိုလံပစ်အပေါ် နားလည်ထားတာက ကူညီပံ့ပိုးရုံသက်သက်မျှထက် အစဉ်သဖြင့် ပိုပါတယ်။” အားကစားသည် Anta ၏ အခြေခံအုတ်မြစ်နှင့် အသက်သွေးကြောပင်ဖြစ်ကြောင်း Anta အုပ်စု ဒုတိယဥက္ကဋ္ဌ လီလင်က ပြောပါသည်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း ပြုံချန်းဆောင်းရာသီအိုလံပစ် ကျင်းပခါနီးတွင်မှ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ ဝတ်စုံကူညီပံ့ပိုးမှုစာချုပ် ရုတ်တရက် ပျက်ပြယ်သွားခဲ့ရာ ပွဲကျင်းပရန် အချိန်ကလည်း ၃ လခန့်သာ လိုတော့သည်မို့ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက “ဤတာဝန်ကို Anta ကသာ စွမ်းဆောင်နိုင်တော့မည်”ဟု ဝန်ခံခဲ့လေသည်။ Anta လည်း လုပ်လက်စ ထုတ်လုပ်မှုလိုင်းများကို ချက်ချင်းရပ်ဆိုင်းလိုက်ပြီး ဆွစ်ဇာလန်သို့ အဖွဲ့စေလွှတ်ကာ ကိုယ်တိုင်းများ ယူပြီးလျှင် နောက်ဆုံး၌ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်ဘာ့ဟ်အား Anta ဝတ်စုံ ဝတ်ဆင်စေလျက် ဖွင့်ပွဲအခမ်းအနားသို့ အောင်မြင်စွာ တက်ရောက်နိုင်စေခဲ့ပြီး ၎င်း၏ “ပေးထားသော ကတိအား အရည်အသွေးမြင့် ဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားမည်”ဟု ကြေညာခဲ့လေသည်။ ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်မတိုင်မီမှာလည်း Anta က အချိန် ၄ လကျော်ကြာ အသုံးပြု၍ နိုင်ငံခြား လက်ဝါးကြီးအုပ်မှုကို ဖြိုခွင်း၍ တရုတ် Skeleton လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲဝင်ဖိနပ်များကို တီထွင်ထုတ်လုပ်ပေးကာ တရုတ်လက်ရွေးစင်အသင်းအား သမိုင်းဝင်အောင်ပွဲ ရရှိနိုင်ရန် ကူညီပံ့ပိုးပေးခဲ့သည်။ ၂၀၂၅ ခုနှစ်အထိ Anta သည် တရုတ်လက်ရွေးစင်အသင်း ၃၆ သင်းအတွက် ကူညီပံ့ပိုးပေးထားပြီးဖြစ်ရာ နည်းပညာအတွက် စုစုပေါင်း တရုတ်ယွမ် ဘီလီယံ ၂၀ ကျော် အသုံးပြုထားပြီးဖြစ်သည်။

အားကစားပြိုင်ပွဲမှ ဈေးကွက်အထိ အမာခံအထောက်အပံ့
အားကစားပြိုင်ပွဲများ၏ လေ့ကျင့်ပေးမှုကြောင့် Anta တွင် နက်ရှိုင်းခိုင်မာသော နည်းပညာအခြေခံ အုတ်မြစ် ရှိလာခဲ့သည်။ နည်းပညာဆန်းသစ်တီထွင်မှုမှာ ၎င်း၏ အဓိကယှဉ်ပြိုင်နိုင်စွမ်းပင် ဖြစ်နေခဲ့ပေသည်။ ကျင့်ကျန်းရှိ Anta စင်တာထဲသို့ ဝင်သွားလျှင် ပန်းနုရောင်နှင့် အဖြူရောင်စပ် C10 Pro နိုက်ထရိုဂျင်နည်းပညာသုံး အပြေးဖိနပ်တစ်ရံက အားလုံး၏ မျက်လုံးကို ဖမ်းစားထားပါလိမ့်မည်။ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးအား လက်ဆောင်အဖြစ် ပေးခဲ့ဖူးသည့် ထိုအပြေးဖိနပ်အမျိုးအစားမှာ Anta နည်းပညာစွမ်းပကား၏ ပြယုဂ်ပင် ဖြစ်သည်။ ၂၀၀၅ ခုနှစ်ကတည်းကပင် Anta က တရုတ်နိုင်ငံ၌ ပထမဆုံး အားကစားသိပ္ပံလက်တွေ့စမ်းသပ်ခန်းကို တည်ထောင်ခဲ့ပြီး သိန်းနှင့်ချီသော တရုတ်နှင့်အာရှ လူမျိုးတို့၏ ခြေထောက်ပုံစံများ ပါဝင်သော ဒေတာဘေ့စ်ကို တည်ဆောက်ခဲ့လေသည်။
“ကျွန်တော်တို့က တရုတ်လူမျိုးနဲ့ အာရှလူမျိုးတွေရဲ့ ခြေထောက်နဲ့ အသင့်တော်ဆုံး ဖိနပ်တွေကို ထုတ်လုပ်ချင်တာပါ။ ဒီစိတ်ကူးဟာ လွန်ခဲ့သော အနှစ် ၂၀ ကတည်းက စတင်ခဲ့တာပါ” Anta ၌ နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်လာခဲ့သည့် ဒီဇိုင်းပညာရှင် လေယွီက ပြောပြသည်။ လက်တွေ့စမ်းသပ်ခန်းကို အားကိုး၍ Anta က မူပိုင်ခွင့် စုစုပေါင်း ၆၈၀၀ ကျော်ကို လျှောက်ထားနိုင်ခဲ့ပြီးဖြစ်သည်။ နိုက်ထရိုဂျင်နည်းပညာအပါအဝင် အောင်မြင်မှုရလဒ်များစွာကို ရရှိခဲ့သည်။ နိုက်ထရိုဂျင်နည်းပညာသုံး အပြေးဖိနပ်က အားကစားသမားများအား ကမ္ဘာ့အဆင့်ပြိုင်ပွဲများ၏ ဆုယူစင်မြင့်ထက်သို့ အကြိမ် ၅၀၀ ကျော်မက တက်ရောက်စေနိုင်ခဲ့ပြီး ဖြစ်လေသည်။ အောက်ဒိုးစီးဖိနပ်များ ခေတ်စားလာသဖြင့် Anta က အချိန် ၅ နှစ်ကြာ အသုံးပြု၍ တုန်းဟွာတက္ကသိုလ်နှင့်ပူးပေါင်းကာ “Anta Membrane”ကို တီထွင်ထုတ်လုပ်လိုက်ပြန်၍ ရေစိုခံအထည်များအပေါ် နိုင်ငံခြားလက်ဝါးကြီးအုပ်မှုကို ရိုက်ချိုးပစ်လိုက်နိုင်ခဲ့လေသည်။ ၂၀၂၅ ခုနှစ်တွင် fluorine-free membrane ကို ထပ်မံထုတ်လုပ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေစိုခံဆိုင်ရာ အခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့လေသည်။
